Monday, April 22, 2013

အပူ


နွေနေကား ပူလွန်းလှသည်။ မျက်နှာကျက်မှာ တဖျတ်ဖျတ်လည်နေတဲ့ ပန်ကာအိုကတောင် နွေနေပူကို မတွန်းလှန်နိုင်တော့။ ထိုင်ခုံပေါ်ထိုင်ရင်း နဖူးကချွေး ခြေမကျနေရသည့် အဖြစ်ပင်။ အလုံပိတ်ပေါင်းထားသော ခေါင်းပေါင်းကြားက ချွေးစေးတို့က တလိမ့်လိမ့် တစိမ့်စိမ့်ယိုစိမ့်နေသည်။ ချွေးတို့ဖြင့် စိုနစ်နေသာ တိုက်ပုံဝတ်ထားရသဖြင့် စာရေးလျှင် စာရွက်များပေါ် ချွေးတို့ စွန်းထင်း မည်စိုးသောကြောင့် စာလည်း မရေးနိုင်။ 

တရားခွင်တွင်း ထိုင်နေသော အမှုသည်တို့မှာကား ချွေးကိုပင် မသုတ်နိုင်ဘဲ အမှုစစ်နေသည်ကိုသာသဲကြီးမဲကြီးနားထောင်နေကြ၏။
ပူလောင်နေသည်ကိုလည်း မခံစားနိုင်။ သက်သေ၏ထွက်ချက် ကိုသာ လိုက်မှတ်သူက လိုက်မှတ်၏။
အမှုသည်တို့ကို ကြည့်ရင်း အပြင်အပူထက် အတွင်းက အပူက ပိုပြီး ပူလောင်နေရသည့်အဖြစ်ကို
မြင်မိသည်။ အမှုသည်တို့၏ရင်တွင်းက လောဘမီး၊ ဒေါသမီး၊ မောဟမီးနဲ့ သောကမီးတို့က
နွေနေပူထက်ပိုပြီး လောင်မြိုက်နေသည်။ 

မလာချင်ဘဲ လာရတဲ့လူ နှင့် လာချင်လို့ လာရသည့်လူ
မည်သူက ပိုပူမည်ထင်သနည်း။ နှစ်ယောက်စလုံးအတူတူပင် ပူပါသည်။ အမှုသည်တို့ရင်ထဲက
အပူတွေကို ကျနော်ကရော အေးငြိမ်းအောင် လုပ်ပေးနိုင်ပါမည်လား။ မလုပ်ပေးနိုင်ပါ။ အလွန်ဆုံး အမှုတွင် မှန်ကန်သည်ဟု ပေါ်ပေါက်သော အမှုသည်၏ အပူမီးကိုသာ အနည်းငယ်ငြိမ်းအေးမှုပေးနိုင်ပါမည်။ ဒိထက်ပိုပြီးလည်း မတတ်နိုင်။ အမှုရှုံးသူအဖို့မှာတော့ ပိုပြီးတောက်လောင်ဖို့သာရှိတော့သည်။ နတ်ဒေ၀ါများကဲ့သို့ အစွမ်းရှိလည်း အမှုသည်တို့၏အပူမီးကို အေးငြိမ်းအောင် ဆောင်ရွက်နိုင်ဖွယ်မမြင်
။ လူအလို နတ်မလိုက်နိုင်ဆိုသည့် စကားပင်ရှိသေးသည်ကိုး။

အမှန်တော့ အတွင်းကလာသည့် အပူမီးတို့ကို ငြိမ်းသတ်ပေးနိုင်သူများမှာ ဘုရားတရားသံဃာနှင့်
မိမိကိုယ်တိုင်သာဖြစ်သည်။ လိုချင်သဖြင့် လောဘဖြစ်ရသည်။ မရသဖြင့် ဒေါသဖြစ်ရသည်။ ရသင့် မရသင့် မသိသဖြင့် မောဟဖြစ်ရသည်။ ကိုယ့်ပစ္စည်း သူများပေးရမည်စိုးသဖြင့် သောကဖြစ်ရသည်။
ကိုယ့်ရင်ထဲက မီးကို ကိုယ်တိုင်ပင်မွှေးကြသည်။ တောက်လောင်ကြသည်။ ဒီလိုလောင်မြိုက်ကြရင်း
ပင် တနေ့ သေဆုံးကြရဦးမည်။ ခက်တော့လည်း ခက်သည် တရားရုံးဟူသည် မသွားသင့် မလာအပ်သော နေရာဟု ရှေးလူကြီးတွေက ဆိုခဲ့သည်။ အစွဲအလမ်းကြီးသော မြန်မာတို့ ရှေးထုံးကိုများ ပယ်လိုက်ကြလေပြီလားလို့ တွေးရင်းသာ ရင်မောမိပါတော့သည်။

ကျနော် မောင်လူအေးပါ။

တရားသူကြီးမောင်လူအေး Facebook မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment